မရမ်းကုန်း ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က (Book Club) စာပေချစ်သူများအဖွဲ့၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍ စာရေးဆရာကြီး ကြည်တင့်နိုင်ရေးသားထားသည့် "ကျရာဇာတ်ရုပ်နှင့် ဘဝဒဿနအလှကဗျာများ ကဗျာ (၁၀၀)'' ရသကဗျာစာအုပ်မှ ကောက်နုတ်၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မရမ်းကုန်းမြို့နယ် ဦးစီးအရာရှိ ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မြေလတ်ထင်ကျော်မိုးက မြို့နယ်စာရေးဆရာအသင်းနှင့် ပူးပေါင်းကျင်းပမည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့သည်။
ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက စာရေးဆရာကြီး ကြည်တင့်နိုင် ရေးသားထားသည့် "ကျရာဇာတ်ရုပ်နှင့် ဘဝဒဿနအလှကဗျာများ ကဗျာ (၁၀၀)'' ရသကဗျာစာအုပ်ပါ ကဗျာတချို့၏ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)