မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၅) တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁

သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ပြည်သူများအတွက် သူနာပြုအတတ်ပညာများဖြင့် ဘေးကင်းလုံခြုံစိတ်ချရတဲ့ အရည်အသွေးရှိတဲ့ သူနာပြုကောင်းများ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး မွန်မြတ်တဲ့စိတ်ကောင်း၊ စေတနာကောင်းများနဲ့ သူနာပြုသားဖွားအတတ်ပညာကို ရွေးချယ်ကာ သူနာပြုသင်တန်းဝင်ခွင့်ရရှိခဲ့ကြတဲ့ သူနာပြုသင်တန်းသား မောင်၊ မယ်များအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်တန်းတက်ရောက်ရန် မိမိတို့ထားရှိခဲ့တဲ့ ရည်ရွယ်ချက်များကို အပျောက်မခံဘဲ စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်သန်တဲ့ လုံ့လ၊ ဝီရိယတို့နဲ့ ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)မှ သူနာပြုသင်တန်းသား၊ သင်တန်းသူလေးများက တေးသီချင်းများ၊ အကအလှများ၊ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)အတွက် အလှူငွေများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သူနာပြုသင်တန်းအတွက် အလှူငွေများအားလည်းကောင်း ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်လွင်ပထမနှစ် သင်တန်းသူ၊ သင်တန်းသားလေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၅)ကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးအဖြစ် အဓိကထားဆောင်ရွက်လျက်ရှိပြီး စာရေရိက္ခာဖူလုံရေးကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဖော်ထုတ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် လက်ရှိလယ်ယာမြေများနှင့် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော တောင်သူများကို ကြီးကြပ်ခြင်း၊ ပံ့ပိုးခြင်းနှင့် ဒေသနှင့် ရပ်ရွာရေရှည်အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မြေယာအသုံးချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိစေရေး၊ တောင်သူများ ထိခိုက်နစ်နာမှုမရှိစေရေး၊ လယ်ယာမြေများအား အကျိုးရှိစွာ အသုံးချနိုင်ရေး၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှုစေရေးတို့အတွက် လယ်ယာမြေဥပဒေနည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားချက်များ၊ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

အဲဒီနောက် တက်ရောက်လာကြသည့် ကော်မတီများနှင့် အဖွဲ့ဝင်များမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)