မိုးနဲမြို့ ပန်အူ-စက်တော်လမ်း မြေသားလမ်းမှကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုးနဲ ဇန်နဝါရီ ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော နားခံကျေးရွာအုပ်စု၊ ပန်အူ-စက်တော်လမ်း ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမိုးလွင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်တာဝန်ရှိသူများက ကျောက်ချောလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပြီးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ခံများက ရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ ပန်အူ-စက်‌တော်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေ ပထမလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံ၊ ဒုတိယလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံစုစုပေါင်း ၁ မိုင် ၅ ဖာလုံကို လမ်းပိုင်းတစ်ခုစီအတွက်ငွေကျပ်  ၁၁၇ ဒသမ ၁၁၇ သန်းဖြင့် New M2M ကုမ္ပဏီနှင့် သီရိစေတနာကုမ္ပဏီတို့က  ၁၆ ပေအကျယ် ၆ လက်မထုကို မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ်တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပြီးစီးသွားပြီဖြစ်သည့်အတွက် ကျေးရွာနေ အိမ်ခြေ ၁၂၁ အိမ်၊ အကျိုးပြုကျေးရွာ သုံးရွာရှိ လူဦးရေ ၁၀၃၂ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)