နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုတင်ဆက်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် နိုင်ငံတော်၏ အားထားရမည့် လူစွမ်းအားအရင်းအမြစ်များဖြစ်၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမှာဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များကို အစဉ်တစိုက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပြီး လူငယ်များ၏ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ စာဖတ်နိုင်ရေး စာကြည့်တိုက်များ ပြန့်ပွားအောင် ဆောင်ရွက်နေပြီး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်နေလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ လူငယ်များအနေဖြင့် အားလပ်ချိန်များတွင် ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်းနှင့် စာဖတ်ခြင်းသည် လူငယ်များ၏ ကျန်းမာရေးနှင့် ဘဝ၏ အသိပညာ၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ခြင်းကို များစွာထောက်ကူပေးပါကြောင်း၊ ထို့အပြင် မိမိတို့၏ ဘဝရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အတတ်ပညာတတ်မြောက်ပြီး ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစားကြရမှာဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာကာအရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထံ ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိမေးခွန်းများကို မေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)