မိုးညှင်း ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် အထက(ခွဲ)နားခါမှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကြပြီး ခရိုင်ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းသန်းဆွေ က အဆိုပါပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်နှင့် မြို့နယ်အဆင့်တို့မှ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဘက်စုံထူးချွန်လူရည်ချွန်ဆုများ၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပြိုင်ပွဲများတွင် ဆုများအသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၄)ဦးအား ခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာများမှ တေးသီချင်း သရုပ်ဖော်အကအလှများနှင့် တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)