ရွှေကူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေကူ ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးစိုးက ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေးအတွက် စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲမှ ရရှိသည့် အသိပညာဗဟုသုတများကို လေ့လာမှတ်သား၍ အကျိုးရှိစွာအသုံးချစေလိုကြောင်း အမှာစကား ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက လူငယ်များအနေဖြင့် မိမိအကျိုးစီးပွားနှင့် လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်နိုင်ရန် လူကောင်း၊ လူတော်များ ဖြစ်လာစေရန် စာများများဖတ်သင့်ကြောင်း၊ စာပေလေ့လာ ဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာခြင်းဖြင့် အတွေးအခေါ် ရင့်သန်လာစေပြီး၊ စဉ်းစားဆင်ခြင်၊ မြော်မြင်မှုများ ကောင်းမွန်စွာ တိုးတက်ဖွံ့ဖြိုးလာခြင်းမှသည်   အများချစ်ခင်လေး စားရသော လူကောင်း၊ လူတော်များ ဖြစ်လာစေနိုင်ကြောင်း အကျယ်တဝံ့ ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသည့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းနှင့် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)