မိုင်းနောင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး Community Centre တွင် သားငယ်၊ သမီးငယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဉာဏ်ရည်မြှင့်ဂိမ်းကစားနည်းပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် မူကြိုသားငယ်၊ သမီးများအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာကြံ့ခိုင်၍ ဥာဏ်ရည်များ မြှင့်မားစေရေး၊ လူမှုပတ်ဝန်းကျင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး စည်းစည်းရုံးရုံးညီညီညွတ်ညွတ် နေထိုင်တတ်စေရေးတို့အတွက် ရည်ရွယ်ကာ ဉာဏ်ရည်မြှင့်ဂိမ်းကစားနည်းပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥာဏ်ရည်မြှင့်ဂိမ်းကစားနည်း ပြိုင်ပွဲသို့ မေတ္တာမွန် မူကြိုမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ အလှူရှင်များက တက်ရောက်ကာ မူကြိုသားငယ်၊ သမီးငယ်(၃၄)ဦးတို့က ဥာဏ်မြှင့်ဂိမ်းကစားနည်း(၃)နည်းကို ဝင်ရောက်ယဥ်ပြိုင်ကြကြောင်း သိရသည်။
မနန်း(မိုင်းနောင်)