နမ့်စန်(တ) ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ခွဲ)လေတပ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက အခမ်းအနားကို အဆိုပါကျောင်းအရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ကျောင်းခန်းမတွင်း ဆက်လက်ကျင်းပရာ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ အ.ထ.က(ခွဲ)လေတပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ပြိုင်ပွဲများတွင် အားကစားနှင့်ဘာသာရပ်ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ တီထွင်ဖန်တီးမှုပန်းချီသင်ထောက်ကူဆုရသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်ဆုရ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ခွဲ)လေတပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့သိုင်း၊ Fitness Dance အက၊ တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)