မှော်ဘီ ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဝမ်ဟီးအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါသိကောင်းစရာများကိုရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဝမ်ဟီးအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်သက်သက်လှိုင်၏လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၄၃၂၀၀၀၀(ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကို မိခင်ဖြစ်သူဒေါ်မြင့်မြင့်ဦးအားလည်းကောင်း၊ ဒေါ်သင်းစန္ဒာထွန်း၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၄၃၂၀၀၀၀(ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကို ဖခင်ဖြစ်သူဦးထွန်းထွန်းဝင်းအားလည်းကောင်း၊ ဒေါ်ကေဖြူခိုင်၏လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၄၃၂၀၀၀၀(ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကိုဖခင်ဖြစ်သူဦးကျော်ဆွေဦးအားထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)