မဟာအောင်မြေ ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း၌ ယနေ့ မွန်းလွှဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို စာအုပ်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်နှင့်စာပေအကြောင်းကို ဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင် စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း