ညောင်ရွှေ၌ လေပြင်းဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲကျင်းပ

ညောင်ရွှေ ဇန်နဝါရီ ၁၆                                             

လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က လေပြင်းဘေးဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ညောင်ရွှေမြို့နယ်၌ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နေအိမ်ပြုပြင်ရန် ညောင်ရွှေမြို့နယ်အတွက် ရန်ပုံငွေ (၁၈၉)သိန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။ ညောင်ရွှေမြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉)အုပ်စုရှိ နေအိမ် ၃၀၀ ကို လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်