ကျိုက်ထို ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သ/မ ဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျိုက်ထိုမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ သွားရောက်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ရပ်ကွက်များရှိ ပြည်သူများအား သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့် စာအုပ်များ သိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသော ပြည်သူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များသို့လည်း အပတ်စဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)