မောက်မယ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၄−၂၀၂၅ ပညာသင်နှစ်အခြေခံမူလတန်းအဆင့် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဈေးတန်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါနောက်ဆက်တွဲသင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရအောင်က အမျိုးသားပညာရည်စစ်ဆေးတိုင်းတာခြင်းကို စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍ(၄)ရပ်ဖြစ်သော အတန်းတွင်းစစ်ဆေးခြင်း၊ ကျောင်းအခြေပြုစစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပြီး မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် နမူနာအခြေပြုသင်ယူမှု စစ်ဆေးအကဲဖြတ်ခြင်းဟူ၍ ခွဲခြားသတ်မှတ်ထားသည့်အတွက် အတန်းကူးပြောင်းမှုရရှိဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာမေးပွဲစည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာ/ဆရာမများအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံမူလတန်းအဆင့် Grade-5 အတွက် သင်ယူမှုရလဒ်ပြဇယား၊ နမူနာမေးခွန်းအတွက် အသေးစိတ်အညွှန်းဇယား၊ စာမေးပွဲနမူနာမေးခွန်း၊ အမှတ်ပေးစည်းမျဉ်းများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် နောက်ဆက်တွဲဆွေးနွေးပွဲ သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ နောက်ဆက်တွဲသင်တန်းတွင် မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 သင်ကြားနေသည့် ဆရာ/ဆရာမများ(၁၆၆)ဦး တက်ရောက်ကြပြီး နည်းပြ(၁၁)ဦးတို့မှ ဒီဇင်ဘာ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ လေးရက်ရှင်းလင်းဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)