လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Jun Sheng အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်အတွင်းထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထုတ်ပေးခဲ့သည်။
အကျုံးဝင်မှတ်ပုံတင်ထားသော Jun Sheng အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်စမ်းစမ်းစိမ့်သည် စက်ရုံမှနေအိမ်သို့အပြန်လမ်းတွင် ဖယ်ရီကားပေါ်မှဆင်း၍ ကားလမ်းဖြတ်ကူးနေစဉ် လမ်းလယ်အရောက်တွင် တဖက်မှမောင်းနှင်လာသော PICK-UP ကားမှဝင်တိုက်ခြင်းခံရပြီး ဦးခေါင်းထိခိုက်ဒဏ်ရာ၊ နံရိုးကျိုး၊ ခြေနှစ်ချောင်းကျိုးဒဏ်ရာများရရှိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် လေးဆယ့်တစ်သိန်းခုနှစ်သောင်းခြောက်ထောင် (၄၁၇၆၀၀၀/-) ကျပ်တိတိကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးမှ သေဆုံးသူ၏သားဖြစ်သူ မောင်ချစ်ကိုကိုထံသို့ စက်ရုံမှတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ ရှေ့မှောက်တို့တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)