ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ပြပွဲများ ကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊  ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ (၇၈)နှစ်မြောက်    ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊  ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်းရှင်သန်နေစေရန်၊ ကျောင်းစာများအပြင်   ပြင်ပဗဟုသုတများ ရရှိစေရန်၊ မိမိတို့၏ စိတ်ခံစားမှု၊  စိတ်အတွေးအမြင်များဖြင့် မိမိတို့စိတ်ကြိုက် ပုံဖော်ဖန်တီးရေသားနိုင်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်သည့်လူရည်ချွန်များ ဖြစ်လာကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများနှင့် ပြပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတရသ စာအုပ်စာစောင်များနှင့် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့်အသိပညာ‌ပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)