၂၀၂၄-၂၀၂၅ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲဝင်ခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုခြင်းနှင့် မိတ်ဆုံစားပွဲ အ.ထ.က (၁) တွံတေး၌ကျင်းပ

တွံတေး ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲဝင်ခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုခြင်းနှင့်မိတ်ဆုံစားပွဲကို ယမန်နေ့နံနက် ၁ ၀နာရီအချိန်က အ.ထ.က (၁) တွံတေး၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စန်းရီ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချိုတို့က အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က (၁) ဘင်ခရာနည်းပြဆရာ ဦးစမျိုးရာဇာထွန်းက တိုင်းအဆင့် ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် မိမိတို့ထက် သာလွန်ကောင်းမွန်တဲ့ ကျောင်းကြီးတွေနဲ့ ပြိုင်ရသည့်အတွက် အားကျိုးမာန်တက် လေ့ကျင့်မှုများ၊ ဘင်ခရာအဖွဲ့ ကလေးများ၏ အားတက်သရော ကြိုးစားမှုများကြောင့် ကျောင်းပေါင်းစုံ အသင်းပေါင်း (၂၀) မှာ မိမိတို့ကျောင်းက အဆင့် (၈) ရရှိခဲ့ပါကြောင်း၊ ပထမအကြိမ် ဝင်ရောက်ယှဥ်ပြိုင်တာဖြစ်ပြီး ခရိုင်ဂုဏ်၊ မြို့နယ်ဂုဏ်၊ ကျောင်းဂုဏ်ကို မြှင့်တင်ပေးကြသော ဘင်ခရာအုပ်ချုပ်သူ၊ နည်းပြဆရာ၊ ဝိုင်းဝန်းကူညီပေးကြသော မိဘများ တာဝန်ရှိသူများ၊ ဘင်ခရာအဖွဲ့သားများအားလုံး လာမည့်နှစ်တွင်လည်း ပိုမိုကောင်းမွန်သာလွန်အောင် ကြိုးစားလေ့ကျင့်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် တွံတေးခရိုင်၊ ခရိုင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူအသီးသီးက ဘင်ခရာ အုပ်ချုပ်သူ၊ နည်းပြနှင့်အဖွဲ့ဝင်များကို ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မာက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တက်ရောက်လာသူများနှင့် ဘင်ခရာအဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး တက်ရောက်လာသူများနှင့် ဘင်ခရာအဖွဲ့ဝင်များ မိတ်ဆုံစားပွဲကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးသား