အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇန္နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတပြည့်ဝစေရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၊ ကျောင်းအုပ်ဆရာကြီး ဦးမြတ်ကိုက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် မောင်အောင်မြင့်မြတ်တို့က ဦးဆောင်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းမှ မောင်ဝင်းကိုအောင်၊ မောင်စောဝင်းမောင်၊ မခိုင်ဆွေဇင်သန့်နှင့် မရွှေရည်ခိုင်တို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အခွင့်အလမ်း၊ လူငယ်နှင့်ကျန်းမာရေးနှင့် လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍မေးခွန်းများမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများ၏ ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြပြီး ကျောင်းစာကြည့်တိုက်အတွက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် စာရေးဆရာ ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)တို့က သုတ၊ ရသစာအုပ်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၊ ကျောင်းအုပ်ဆရာကြီး ဦးမြတ်ကိုနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် ဝန်ထမ်းများ၊ အင်းစိန်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)