တာလေ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တောင်သုံးလုံးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ တောင်သုံးလုံးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တာချီလိတ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တောင်သုံးလုံးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီမွန်ထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွင်းကဏ္ဍအသီးသီးတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းတို့ကို တာဝန်ရှိသူအသီးသီးတို့က ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
စုမြတ်ထွေး(ပြန်/ဆက်)