သုံးခွ ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်နေပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ အချိန်က အမှတ် ၁ ရပ်ကွက်အတွင်းရှိ နေအိမ်းများသို့ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးတစ်အိမ်တစ်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်အတူ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ပြောကြားခဲ့ပြီး မီးသတိပြုဆောင်ရွက်ရန် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဥ်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တစ်ဆင်းလိုက်လံစစ်ဆေးခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)