လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေ‌ရန် လူ‌ငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း ဇန်နဝါရီ  ၁၆

မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ရမည်းသင်း)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနန်းမိုးမိုးကြည်က အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာ‌‌စေရန်နှင့် နှုတ်မှုစွမ်းရည်များ ပြည်ဝလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)၊ ပထမနှစ် EP ကျောင်းသား မောင်လွင်မိုးမှ လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းရဲ့အကျိုး‌ ကျေးဇူးကိုလည်းကောင်း၊ ပထမနှစ်ကျောင်းသားမောင်ဇွဲအောင်မှ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားအားကစားခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အချိန်မှန်အိပ်စက်ရေးတို့ကိုလည်းကောင်း၊ မြို့ပြအင်ဂျင်နီယာ ပထမနှစ် ကျောင်းသားမောင်ဝေယံမင်းသန့်မှ လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် နည်းပညာမြင့်မားလာမှုအပေါ် ကောင်းကျိုးဆိုးကျိုးများကိုလည်းကောင်း၊ ပထမနှစ်ကျောင်းသူ မအေးသန္တာဦးမှ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် နည်းပညာတိုးတက်လာမှုအပေါ်စဉ်ဆက်မပြတ် လေလာ့သင်ယူရေးနှင့် AI စနစ်ကျယ်ပြန့်လာခြင်းတို့ကိုလည်း ကောင်းအသီးသီးဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲတို့ကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ပြီး အဆိုပါစကားဝိုင်းသို့ အစိုးရစက်မှုလက်မှု သိပ္ပံ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)