ဥတ္တရသီရိ ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပခြင်းသည် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုတများတိုးပွားရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်နှင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသော စာရေးဆရာ စိန်ဝင်းနွယ်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာမ ချယ်ချယ်(YU)နှင့် စာရေးဆရာမ နန်းနန်း(စပါးကျီ)တို့က စာရေးဆရာ ကောင်းသာရေးသားသည့် “အောင်မြင်ရေးအတွက် တန်ခိုးစွမ်းအား” စာအုပ်ပါအကြောင်းအရာများကို ဖတ်ကြား၍ မိမိတို့၏ခံစားနားလည်မှုများဖြင့် ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)