ထန်းတပင် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးဧကရှစ်သောင်းကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ ဧကခြောက်သောင်းငါးထောင်ကျော် ရိတ်သိမ်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်မှာ မိုးစပါးလျာထားစိုက်ဧက(၈၄၁၃၈)ဧကရှိပြီးတော့ မိုးစပါးစိုက်ပျိုးနိုင်ခဲ့တာကတော့ ဧကပေါင်း (၈၀၀၉၀) ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ် ယနေ့အထိတော့ (၆၅၂၉၉) ဧကရိတ်သိမ်းပြီးသွားပါပြီဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။
ထန်းတပင်မြို့နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဆင်းသုခ၊ ရက်(၉၀)၊ အောင်နိုင်တိုး၊ GW-11၊ မီးဒုံးနှင့်ဇီယာစသည့် အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများကိုသာ တောင်သူများအနေ့ဖြင့် အဓိကထားရွေးချယ်စိုက်ပျိုးခဲ့ကြပြီး တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် တောင်သူ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်လျက်ရှိသလို ရိတ်သိမ်းပြီးသည့် စပါးများ ဆုံးရှုံးမှုများမရှိစေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်