စစ်တွေ ဇန်နဝါရီ ၁၆
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ တိုင်းရင်းသား ခေါင်းဆောင်များအား ဖိတ်ကြားကာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၁ ရက် နေ့ထိ ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးအဖြစ် လက်ခံသဘောတူကြ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ထိုလက်မှတ်ရေးထိုးသော နေ့ထူးနေ့မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ကြား ခြင်းအခမ်းအနားများ အောင်မြင်စွာ ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျင် (၇၈) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီများတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာနဆိုင်ရာများအနေဖြင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီဥက္ကဋ္ဌများအနေဖြင့်လည်း မိမိတို့ကော်မတီ၏ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ခမ်းခမ်းနားနား၊ သိုက်သိုက်ဝန်းဝန်းနှင့် အေးချမ်းစွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး စနစ်တကျစီမံ ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီဖွဲ့စည်းမိန့်နှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဇန်နဝါရီလ ၁၅ ရက်နေ့ညနေပိုင်းက အဆိုပါ အစည်းအဝေးခန်းမ၌ စစ်တွေမြို့၊ မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဈေးများသန့်ရှင်းသာယာရေးနှင့် မြို့မြေများစနစ်တကျ စီမံခန့်ခွဲနိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျဆောင်ရွက်ကြရန်အဖွင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ စစ်တွေခရိုင်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက စစ်တွေမြို့၊ မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)