ပင်းတယ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ.ထ.က(ကြိုသက်)ကျောင်း ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို အ.ထ.က(ကြိုသက်) ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော် ဒို့နွဲပျော် "သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဒေသပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ကျောင်းဆရာ/မများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အ.ထ.က (ကြိုသက်) ကျောင်းသား/သူလေးများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်းသိရပြီး ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)