ဟိုပုံး ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းအဆင့် Grade-9 သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အလယ်တန်းအဆင့် Grade-9 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ကျောင်းသား၊ ကျောင်းသူများအားလုံး၏ ပညာရေးမြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာန၊ မိဘများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့်ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ၊ ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား၊ ကျောင်းသူများ၏ နားလည်မှုစွမ်းရည်သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ချယ်ရီအေးမှ သင်တန်းဆိုင်ရာစည်းကမ်းချက်များကို ပြောကြားသည်။ ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက သင်တန်းဆိုင်ရာစည်းကမ်းချက်များကို ပြောကြားသည်။
အဆိုပါ အလယ်တန်းအဆင့် Grade-9 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၈၁)ဦး နည်းပြ ဆရာ/ဆရာမ (၂၄)ဦးတို့က ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို လည်းကောင်း၊ မူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲတွင် ဟိုပုံးမြို့နယ် မူလတန်းအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း(၅၄၅)ဦး နည်းပြ ဆရာ၊ ဆရာမ(၃၈)ဦးတို့က ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကိုလည်းကောင်း ဇန်နဝါရီ(၁၆)ရက်နေ့မှ ဇန်နဝါရီလ(၁၉)ရက်နေ့အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)