မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလောင်စုံ ရေးသားသော"လူဆိုသည်မှာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးအောင်လွင်ဌေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ် ကျင်းပရခြင်းဖြစ်​ပြီး လူကအသိဉာဏ်သာ၍ အသိဉာဏ်ကိုအသုံးချကာ တိရစ္ဆာန်များကို လိုသလိုခိုင်းစေလျက် လောကအကျိုး၊ လူသားအကျိုးကို ဆောင်ရွက်ကြတယ်၊ လူဟူသည့်အဓိပ္ပာယ်ကို ဖွင့်ဆိုရပါလျှင် ရိုင်းစိုင်းတယ်၊ ယဥ်ကျေးတယ်၊ ကြမ်းတမ်းတယ်၊ နူးညံ့တယ်၊ ရက်စက်တယ်၊ ကြင်နာညှာတာတယ်၊ ယုတ်မာတယ်၊ ကောက်ကျစ်တယ်၊ ရိုးသားတယ်၊ မုန်းတီးတယ်၊ ချစ်ခင်တယ်ဟူသော ဆန့်ကျင်ဘက်သဘောတရားများဖြင့် ပြည့်ဝနေသောသက်ရှိကို လူသားဟုဖွင့်ဆိုရလျှင် ယေဘုယျဆန်လွန်းလေမလား စဥ်းစားမိပါကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက “လူငယ်များလက်ခမောင်းခတ်ကြကုန်”၊ “လူကောင်းလူတော်တို့ရည်မျှော်”၊“တာဝန်ယူချင်တဲ့စိတ်နဲ့အလုပ်လုပ်ကြမယ်”၊ “လူဆိုသည်မှာ”၊ “ကိုယ့်ကိုယ်ကိုသိ တန်ဖိုးရှိ” စသည့်စာအုပ်ပါအကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)