မောက်မယ် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယအုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က(မောက်မယ်)မှ ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်က ကျောင်းသား/ကျောင်းသူများ အနေဖြင့်ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းကျော်မြင့်က ကျောင်း၏တိုးတက်ရာတိုးတက်ကြောင်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော ကျောင်းသားမိဘအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေကပြတင်ဆက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွဲပျော် ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)