ပြင်ဦးလွင် ဇန်နဝါရီ ၁၆
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ (၂)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်းကျေးရွာ ရွှေဆံပင်ဓမ္မဝေပုလ္လ သာသနာ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပရာရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “ဘ၀လှဖို့စာဖတ်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့်ပတ်သက်၍ ကျောင်းသား/သူများအားမေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းကဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် လက်ပံကုန်းကျေးရွာ ရွှေဆံပင်ဓမ္မဝေပုလ္လ သာသနာ့ရိပ်သာကျောင်းတိုက်မှ ကျောင်းသား/ကျောင်းသူများအား နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ စာပေဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ခရိုင်ပြန်/ဆက်)