မိုင်းတုံမြို့၌ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

မိုင်းတုံ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်မီးသတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က စိန်မိုင်းတုံစက်သုံးဆီအရောင်းဆိုင်၊ စိုင်းဘောဂ စက်သုံးဆီအရောင်းဆိုင်နှင့် ရေသန့်စက်သုံးဆီအရောင်းဆိုင်တို့တွင် ရောင်းချသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ အခြင်အတွယ်မှန်ကန်စွာရောင်းချခြင်း ရှိ၊ မရှိ၊ ဈေးနှုန်းမှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မီးသတ်ဆေးဘူး၊ ရေလှောင်ကန်၊ မီးချိတ်၊ မီးကပ်များ ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် အရေးပေါ်ဖုန်းနံပါတ်များကို အလွယ်တကူမြင်တွေ့နိုင်သည့် နေရာများတွင် ရေးသားထားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)