တာမွေ ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို) နှင့် တာမွေမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အုန်းတောခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်မူမူအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးစောငွေမှ အသင်းမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ စိတ်ကျန်းမာရေးအထူးကုပါရဂူ ဒေါက်တာအောင်သော်မှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဥပဒေအကြောင်းကိုလည်းကောင်း၊ အသင်း၏ဘဏ္ဍာရေးမှူး ဒေါ်ချိုချိုအေးမှ လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သီဟသုဓမ္မသိင်္ဂီ ဒေါက်တာမြသီတာမှ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ အသင်း၏ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သီဟသုဓမ္မသိင်္ဂီ ဒေါက်တာမြသီတာမှ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က လက်ခံရယူခဲ့ပြီး အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစောငွေမှ ကျောင်းစာကြည့်တိုက်အတွက် တံလျှပ်ဂျာနယ်များအား ပေးအပ်လှူဒါန်းရာ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်မူမူအောင်က လက်ခံရယူခဲ့၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို) မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)