ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကာလိ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသားလူငယ်များ လူငယ်ရေးရာ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာ သိကောင်းစရာများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)