ရန်ကုန်တိုင်းဒေသကြီး၌ စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

ပြည်သူများစာဖတ်ခြင်းဖြင့် ဦးနှောက်ရဲ့စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်တဲ့အတွေးခေါ်များနှင့် ဆုံးဖြတ်ချက်တွေမှန်ကန်လာ‌စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်၊‌ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များပူးပေါင်း၍ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၅) သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းပြသပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ယနေ့ခေတ် ကမ္ဘာတစ်ဝန်းလုံးမှာ ဆက်သွယ်ရေးနည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများက လျင်မြန်စွာတိုးတက်ပြောင်းလဲနေကြောင်း၊ သတင်းအချက်အလက်များ လျင်မြန်လာမှုနှင့် နည်းပညာတိုးတက် ပြောင်းလဲလာမှုကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများကို ထိရောက်မှုရှိလာပြီး စာကြည့်တိုက်များရဲ့ အခန်းကဏ္ဍလည်း အရေးပါလာကြောင်း၊ စာကြည့်တိုက်မှူးများအနေနှင့် ယခုတက်ရောက်တဲ့ သင်တန်း ၃ ရက်တာအတွင်း သင်တန်းကပို့ချလိုက်တဲ့ အချက်အလက်၊ အကြောင်းအရာတွေကို မိမိတို့ရဲ့စာကြည့်တိုက် တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိဒေသရှိ စာကြည့်တိုက်များကို ပြည်သူများ အသုံးချလေ့လာနိုင်စေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများအသိပညာဗဟုသုတတိုးပွားရေးအတွက် အဓိကဖော်ဆောင်ပေးနေတဲ့ စာကြည့်တိုက်များရဲ့အခန်းကဏ္ဍကို တိုးတက်မြင့်မားအောင် ယနေ့တက်ရောက် သင်ကြားနေတဲ့ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ရပ်ရွာဒေသအကျိုးကို မိမိတို့တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာခင်လေးစိုးက သင်တန်းအမှတ်စဉ် (၅) ဖွင့်လှစ်နိုင်မှုအခြေအနေကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ပညာသင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်ဒေသကြီးဝန်ကြီးများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲကို ဖွင့်လှစ်ရခြင်းသည် စံပြစာကြည့်တိုက်များပေါ်ပေါက်လာမှုနှင့်အတူ စာကြည့်တိုက်ပညာရပ်များကို နားလည်တတ်ကျွမ်းသည့် စာကြည့်တိုက်မှူးများထွက်ပေါ်လာစေရန်၊ စာကြည့်တိုက်မှူးများ အချင်းချင်းရင်းနှီးချစ်ကြည်မှုမှတစ်ဆင့် စာကြည့်တိုက်တွေ့အကြုံများ ဆွေးနွေးဖလှယ်နိုင်ကြစေရန်၊ စာကြည့်တိုက်များပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စသည့်ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များမှ သင်တန်းသား၊ သင်တန်းသူ (၅ဝ) ဦးတို့ကို ဇန်နဝါရီ ရက်မှ ၁ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)