မိုင်းယန်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ" အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်ကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာနေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ အပ်ချုပ်စက်ထူးချွန်ဆုရ သင်တန်းသူများအား တာဝန်ရှိသူများမှ သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "အခြေခံအပ်ချုပ်စက်သင်တန်းကို ၁-၁၂-၂၀၂၄ ရက်နေ့မှ ၁၄-၁-၂၀၂၅ ရက်နေ့အထိ သင်တန်းနည်းပြဆရာမ(၂)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူစုစုပေါင်း(၁၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး