လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

လယ်ဝေး ဇန်နဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က မီးဘေးအန္တရာယ်များအကြောင်း၊ မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်ရေးနည်းလမ်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများအား ဆီမီးလောင်မှု၊ ဂက်စ်မီးဖိုနှင့် ရိုးရိုးမီးဖိုမီးလောင်မှုများအား မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာသူများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေကြည်( ပြန်/ဆက်)