မိုင်းဖြတ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဖြတ်  ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ  ပူးပေါင်း၍ ယမန်နေ့ နံနက်၁၀ နာရီက နမ့်နန်းအုပ်စု၊  နမ့်နန်း (အာခါ) ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၊ အသိပညာပေး ဟောပြောပွဲလုပ်ငန်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ရှိန် မြှင့်တင်ရေး၊  ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊  မိမိတို့ပတ်ဝန်းကျင်တွင် မီးခိုးငွေ့ကင်းစင်ဖို့အတွက်   တောမီးများ၊ တောင်ယာမီးများ မရှို့ စေရေး စသည့် သိကောင်းစရာများကို  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ  ဦးရာဇာဝင်းထွန်းက   ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊   ရည်ရွယ်ချက်များနှင့်   သဘာဝဘေးများဖြစ်ပွားရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။  ယင်းနောက် စာထောက်-၃ ဒေါ်နန်းကောင်ခမ်းက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ကျောင်းအုပ်ကြီးထံ ပေးအပ်လှူဒါန်းပြီး ကျောင်းသား၊ကျောင်းသူများကို စာဖတ်သည့် အလေ့အထများ ရှိစေရန်အတွက် စာဖတ်ဝိုင်းနှင့် တိုင်းရင်းသား စာပေပုံပြင်များမှ ပုံပြောခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသသည့်  နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းဓာတ်ပုံများ၊ ဒေသတွင်းသတင်းများ၊ မှတ်တမ်းဓာတ်ပုံများ နံရံကပ်စာစောင်များကို   လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)