ကျောက်ဆည်မြို့တွင် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားကျေးရွာစီမံကိန်းလုပ်ငန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားကျေးရွာစီမံကိန်းလုပ်ငန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းမင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့်တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အာဟာရ ပြည့်ဝစေရန်ရည်ရွယ်၍ မြစိမ်းရောင် (အသားကဏ္ဍ)ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တံတားဦးကုန်းကျေးရွာတွင် နွားကောင်ရေ (၅၀)နှင့် မကျည်တောကျေးရွာတွင် နွားကောင်ရေ (၅၀) စုစုပေါင်း (၁၀၀) ဆောင်ရွက်ထားပြီဖြစ်ကြောင်း ယခုဘဏ္ဍာနှစ်တွင် ကြောင်ပန်းကုန်းကျေးရွာတွင် တောင်သူ (၁၅) ဦးအား တစ်ကောင်လျင်ငွေ (၂၀) သိန်းကျပ်တန်ဖိုးရှိ နို့စားနွားကောင်ရေ (၁၅) ကောင် မွေးမြူရန် ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ကြောင်ပန်းကုန်းကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီထံသို့ သဘောတူစာချုပ်များချုပ်ဆိုပြီး လွှဲ‌ပြောင်းပေးအပ်ခဲ့ရာ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဗိုလ်မင်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)