မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေး ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင်အစည်းအဝေး ဆွေးနွေးသုံးသပ်ဆုံးဖြတ်ချက်များအပေါ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်တိကျ မှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းကြားလာသည့် အမှုတွဲများနှင့်ဌာနအသီးသီးမှပြန်လည် စွန့်လွှတ်သည့်မြေများကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သော ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း တိကျမှန်ကန်စွာ စိစစ်ဆောင်ရွက်ပြီး မူဝါဒများနှင့်အညီ ပြန်လည် ပေးအပ်သွားနိုင်ရေး အမြန်ဆုံးပြီးပြတ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ယခင်ကော်မတီက ဆောင်ရွက်ထားရှိမှု၊ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့်ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဗဟိုကော်မတီသို့ တင်ပြတိုင်ကြားသည့် အမှုတွဲများအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးတင် ပြပြီးနောက် ခရိုင် ၁၁ ခုမှ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌများက ယခင်အစည်းအဝေးဆွေးနွေးချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ အကြံပြုကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် အကြံပြုချက်များအပေါ် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်