ညောင်ဦး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာတွင် ကမ္ဘာကျော်မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင် ဖရဆေးဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တောဥယျာဉ် တွင်ရွှေသမင်များလာရောက်လေ့လာ နိုင်းကြောင်းသိရသည်။
အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေသည့် နေရာတွင်ပင် စန္ဒကူးတောရှိပြီး (၁၇) ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့်ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်း ထားရှိထားကြောင်း သိရသည်။ စန္ဒကူးပင်များအား ၁၉၅၇-၅၈ ခုနှစ်တွင် သစ်တောမင်းကြီး ဟောင်း ဦးစုမှ ပေ (၂၀) ခြား အကွာအဝေးဖြင့် ၂၅ ပင်စိုက်ပျိုးခဲ့ကြောင်း ထိုစန္ဒကူးပင်များမှ အသီးများကို ငှက်များက စားသုံး၍ မစင်စွန့်ပစ်ရာမှ အပင်ငယ်လေး များပေါက်လာပြီး ယနေ့မြင်တွေ့ရသော စန္ဒကူးတောပေါ်ပေါက်လာကြောင်း၊ မြန်မာ့ရွှေသမင်များအား စန္ဒကူးတောအတွင်း ထိန်းသိမ်းထားရှိထားကြောင်း သိရသည်။ မြန်မာ့ရွှေသမင်များထားရှိရာ စန္ဒကူးတောသို့ ပုပ္ပားကျေးရွာမှ တောင်ကလပ်သို့သွားရာလမ်း ပုပ္ပားတောင်ဥယျာဉ်အဝင်ဝမှ စတင်ဝင်ရောက်နိုင်ပြီး ဖရဆေးဥယျာဉ်အနီးတွင် တည်ရှိကာ သဘာ၀အတိုင်းတည်ရှိနေသော နွယ်ကြိုးပင်များ၊ စန္ဒကူးပင်များနှင့် နေပျောက်မထိုးနိုင်လောက်အောင် လူတို့ဖန်တီးထားသလား ထင်မှတ်လောက်အောင် တောတောင်သဘာ၀ အလှများဖြင့် ရှုမငြီးဖွယ် မြင်တွေ့နိုင်သည်။ ဘေးမဲ့တောဥယျာဉ်ထဲတွင် ရွှေသမင်အမ (၁၁) ကောင်၊ အထီး (၄) ကောင်နှင့်ဆတ် (ပ်) အထီး (၁) ကောင်နှင့်အမ (၄) ကောင်တို့ပြီး ရွှေသမင်များနှင့်ဓာတ်ပုံရိုက်ကူးနိုင်ကာကြီးမားသော နွယ်ကြိုးကြီးများပေါ်တွင် သဘာ၀ အတိုင်း ဒန်းစီးနိုင်ခြင်းနှင့်မိသားစုလိုက်သော်လည်းကောင်း၊ သူငယ်ချင်းများနှင့်သော်လည်းကောင်း လာရောက်အပန်းဖြေလာရောက်လည်ပတ်နိုင်ကြောင်း ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ်သည် တစ်ဆယ့်ခုနှစ်ဧကအကျယ်အ၀န်းရှိပြီး ဥယျာဉ်ထဲရှိ ရေကန်ကြီးထဲတွင် ရွှေသမင်၊ ဆတ်(ပ်)များ ရေသောက်ချိန် အပန်းဖြေရင်း ကြည့်ရှုနိုင်ကာ သဘာ၀အလှအပများကို ခံစားကြည့်ရှုနိုင်ကြောင်းနှင့် ရွှေသမင်များအား အစားအစာများကျွေးနိုင်ကြောင်း ရွှေသမင်များသည် ဖွဲနု၊ မယားနင်းရွက်၊ ကြောင်ထောက်ရွက် (ကြောင်ရှာပင်မျိုးနွယ်)၊ ငှက်ပျောသီးတို့ကိုလည်း အစာပြေဖြစ်စေ၊ အဝဖြစ်စေ ဘူဖေးကျွေးမွေးနိုင်ကြောင်း၊ ဘူဖေးတစ်ခါကျွေးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ကျွေးမွေးနိုင်ပြီး၊ ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော် KBZ PAY ဖုန်းနံပါတ် ၀၉-၂၅၄၀၂၈၉၈၄ သို့ ဆက်သွယ်၍ ကျွေးမွေးလှူဒါန်းနိုင်ကြောင်း၊ မြန်မာ့ရွှေသမင်များ၏ မူလနေထိုင်ကျက်စားရာနေရာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/ စကုမြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ဖြစ်ကြောင်းလည်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်က ရှင်းပြ၍ သိရသည်။
ဒီပါလင်း