ပွင့်လင်းရာသီကာလ မီးဘေးကြိုတင်တားဆီးရေးအဖြစ် ပုပ္ပားတောင်ကလပ်ကျေးရွာတွင် မီးဘေးလုံခြုံရေးနှင့် စစ်ဆေးအသိပညာပေးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၆

ပွင့်လင်းရာသီကာလတွင် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင်တားဆီးကာကွယ်ရေး အသိရှိကြစေရန်အတွက်၊ မီးဘေးလုံခြုံ ရေးနှင့် အသိပညာပေးခြင်း၊စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီမှူးဦးဆောင်၍ ပုပ္ပားကျေးရွာအုပ်စု၊ တောင်ကလပ်ကျေးရွာ တောင်ကလပ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က ပညာပေးဟောပြောရာတွင်၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရာများ၊ မီးဘေးကာကွယ်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားသင့်သည်များနှင့် မီးလောင်မှုဖြစ်ပွားလာပါက  အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများ၊ လိုအပ်ပါက မီးသတ်ဦးစီးဌာနသို့ အလျှင်အမြန် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သန္ဓေတပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်းများဖြစ်သည့် ဆီမီးလောင်မှု ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို တက်ရောက်လာသူများအား သရုပ်ပြသ၍ လက်တွေ့ ပါဝင်ဆောင်ရွက်စေသည်။ ယင်းနောက် မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တောင်ကလပ်ဘဏ္ဍာထိန်းဂေါပက အဖွဲ့တာဝန်ရှိသူများနှင့်အတူ ဈေးဆိုင်တန်းများတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဘူးများ သက်တမ်းမှန်ကန်မှု ရှိ/မရှိနှင့် အရေးပေါ်မီးသတ်ရေကန်များတွင် ရေလုံလောက်မှု ရှိ/မရှိ၊ အရေးပေါ်မီးသတ်ရေတိုင်များမှ လက်တွေ့အသုံးချနိုင်မှု ရှိ/မရှိတို့ကို လှည့်လည် စစ်ဆေးခြင်း၊ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခြင်းကို၊ တောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ တောင်လပ်စောင်းတန်း ဈေးသည်များ၊ သစ်တော ဝန်ထမ်းများ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပြီး၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများကို စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)