ပေါင် ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် (အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) ထန်းပင်ချောင်ကြီး ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး(အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်းမှ Grade - 12 ကျောင်းသား မောင်ရှင်းသန့်ဦးက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 12 ကျောင်းသူ မိကွန်ထောက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 12 ကျောင်းသူ မအေးသီတာစန်းက လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11ကျောင်းသားမင်းချမ်းညီချမ်းကလူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မမေမြတ်စိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က) ထန်းပင်ချောင်ကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) ထန်းပင်ချောင်ကြီးကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူ (၂၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)