ဒလ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဒလမြို့နယ် ရခိုင်ချောင်(မြောက်)ကျေးရွာအုပ်စုရှိ အ.ထ.က (ရခိုင်ချောင်) သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှရဲအုပ်သန်းထွန်းနိုင်က လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာ ဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခြင်းသည် လူအခွင့်အရေး ချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြောင်း၊ လူကုန်ကူးမှုဆိုသည့် အဓိပ္ပါယ်ရှင်းလင်းချက်မှာ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကြပ် ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးမျိုးမင်းဟိန်းမှ သက်ငယ်မုဒိန်းမှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အချက်အလက်များ၊ ဥပဒေများ၊ ကာကွယ်ပုံများကို ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ထိုင်းနိုင်ငံတွင်သွားရောက် အလုပ်လုပ်ကိုင်လိုသူများ သိထားသင့်သည့်အချက်များနှင့် မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ကြောင်း သင်သိပါသလား စသည့်လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ကျား(၁၅၀)ဦး၊ မ (၁၅၀)ဦး စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။
အေးမြမိုး(ပြန်/ဆက်)