ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၁၅

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့်ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က ဒဂုံမြို့သစ်(တောင်ပိုင်း )မြို့နယ်၊ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးချစ်မင်းအေးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူငယ်များ ဗလငါးတန်ပြည့်ဝစေရေးအတွက် သုတ၊ ရသစာအုပ်များသည် မိတ်ဆွေများဖြစ်ကြောင်း လူငယ်နှင့်မိတ်ဆွေကောင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော လူငယ်များတိုးတက်အောင်မြင်စေရေးအတွက် လူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး‌‌ဟောပြောဆွေးနွေးရာတွင် မှတ်သားဖွယ်ရာဝတ္ထု အကြောင်းအရာလေးများကို သာဓကပြ အသိပညာပေးဟောပြောဆွေးနွေး၍ ကျောင်းသား၊ ကျောင်းသူ‌များအား ဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ အပြန်အလှန်ဆွေးနွေးကြပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးအောင်