မုဒုံ ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မွေးမြူထားရှိသည့် တောင်သူ ဦးချစ်ဆန်း၏ ဘဲမွေးမြူရေးခြံသို့ ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ပြည်တွင်းအသားကဏ္ဍ ဖူလုံစေရေး ထုတ်ကုန်အရည်အသွေးမြင့်မားပြီး တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် မွေးမြူရေးလုပ်ငန်း ဆိုင်ရာ ဆက်စပ်လုပ်ကိုင်သူများပါ အကျိုးအမြတ် ပိုမိုရရှိစေနိုင်ရန်၊ အသေးစား/ အလတ်စား မွေးမြူသူများအတွက် ခိုင်မာသော စျေးကွက်ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပြည်နယ်ဘဏ္ဍာ ငွေကျပ်သိန်း (၁၀၀)ဖြင့် ဘဲအကောင်ရေ(၁၇၀၀)အား အဆိုပါခြံတွင် မွေးမြူထားရှိကြောင်း၊ မုဒုံမြို့နယ်တွင် ဥစားဘဲမွေးမြူရေးခြံ (၁၁)ခြံတွင် ဘဲအကောင်ရေ (၂၃၉၀၀)ကောင်၊ အသားစားဘဲမွေးမြူရေးခြံ နှစ်ခြံတွင် ဘဲအကောင်ရေ (၄၀၀၀) ကို မွေးမြူထားရှိကြောင်း ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာနီနီမော်က ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေများကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘဲမွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးပြီး သမာရိုးကျနည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များ အသုံးပြုမွေးမြူသည့် နည်းလမ်းများကို ဆောင်ရွက်ကြရန်၊ ဥထွက်ရှိမှုမာဏ ဥသည့်အချိန်ကာလတို့ကို စနစ်တကျတွက်ချက်၍ အသုတ်လိုက် စဥ်ဆက်မပြတ် မွေးမြူကြရန်၊ မွေးမြူရေးခြံများ သန့်ရှင်းမှုရှိစေရေးနှင့် ရောဂါကူးစက်မှုများ မဖြစ်ပွားအောင် ကြိုတင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)