သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

သထုံ ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် ယမန်နေ့ ည ၈ နာရီကျော်အချိန်ခန့်က ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မရမ်းကုန်းကျေးရွာ၊ မှန်ကူကုန်းပိုင်းရှိ ဦးပိုလို၏ အလျား (၁၈) ပေ၊ အနံ (၃၂) ပေ၊ အမြင့် (၂၀) ပေ အုတ်ခံ ပျဥ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး (၂) ထပ်အိမ် မီးဖိုဆောင်အတွင်း ထင်းမီးဖိုရှိ မီးကျွင်းမီးကျန်မှတဆင့် နေအိမ်ကိုယ်ထည်အား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးလောင်မှုအား သုဝဏ္ဏဝတီမြို့ မီးသတ်စခန်းမှ လက်‌ထောက်ဦးစီးမှူး ဦးလှအေး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးသတ်ယာဉ် (၁) စီးဖြင့် ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ ဦးပိုလို၏နေအိမ် အဆောက်အဦ တန်ဖိုး (၈) သိန်းခွဲ ခန့်ဆုံးရှုံးခဲ့ရကြောင်း မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူအား ဥပဒေနှင့်အညီအမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)