ချောင်းဆုံ ဇန်နဝါရီ ၁၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးနှင့် ဆောင်းသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယနေ့နံနက် (၉) နာရီအချိန်က ကော့မုပွန်ကျေးရွာ ကွင်းအမှတ် (၆၃၅) ရှိ မတ်ပဲဧက (၁၀၀) အကွက်ကျယ် စံပြကွက်တွင် ဆောင်းသီးနှံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် မိမိတို့၏ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍမှရရှိသည့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များကိုလည်း နိုင်ငံတကာဈေးကွက်သို့တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် တောင်သူများ၏ အခက်အခဲလိုအပ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅) ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် နေကြာ (၃၉၂၇)၊ မြေပဲ (၁၃၆၃)၊ နှမ်း (၂၅) ဧက စုစုပေါင်း ဆီထွက်သီးနှံ (၅၃၂၅) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး နွေစပါး (၁၂၄) ဧက၊ ပဲမျိုးစုံ (၃၉၉၂) ဧကနှင့် ပိုက်ဆံလျှော် (၂၀) ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆောင်းသီးနှံ စုစုပေါင်း (၉၆၉၃) ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)