ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည်  ဇန်နဝါရီ  ၁၅

ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာကျောက်ဆည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အောင်မေကြည်က ပညာသင်ချိန်တွင် စာပေကိုအပတ်တကုတ် ကြိုးစားသင်ယူ ကြစေလိုကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း ပြင်ပဗဟုသတရရှိစေမည့် စာပေများကိုလည်း ရှာဖွေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်များမြင့်မားစေမည်ဖြစ်ကြောင်း၊ ပြင်ပစာပေများဖတ်ရှုခြင်းသည် ကျောင်းစာပေများ သင်ယူရာတွင်များစွာ အထောက်အကူဖြစ်စေကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လူငယ်စကားဝိုင်းများ ကျင်းပပြု လုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  Grade-11 ကျောင်းသူများဖြစ်သည့် မချန်ဂင်က လူငယ်နှင့်ကျန်းမာရေး၊  မသော်တာဝတ်မှုံက လူငယ်နှင့် အားကစား၊ Grade-10 မရွှေစင်သီဟနိုင်ကလူငယ်နှင့်နည်းပညာ၊ မချစ်စုဝင်းကလူငယ်နှင့်စာရိတ္တ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီနှင့် တာဝန်ရှိသူများကအသီးသီး ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ရေးရာ ကျင့်ဝတ်နှင့်သိမှတ်ဖွယ်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကလေး အလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

စုစုအေး(ကျောက်ဆည်)