လွိုင်လင်မြို့၊ လွယ်ဝိန်းတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် ရတနာမာရ်အောင်မင်္ဂလာစုမ့်မိုင်းစေတီတော် ထီးတော်တင်လှူပွဲကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ လွယ်ဝိန်းတောင်ပေါ်တွင် တည်ထားကိုးကွယ်သော ဆုတောင်းပြည့် ရတနာမာရ်အောင် မင်္ဂလာစုမ့်မိန်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကို ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲသို့ တာချီလိတ်မြို့ အရညဝါသီ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ (သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ၊ လွိုင်လင်မြို့ ဓာတော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒစရိယ)နှင့် ပင့်ဖိတ်ထားသောဆရာတော် သံဃာတော် ၁၁၈ ပါး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် (ဟေဟိန်းကုမ္ပဏီ၊ ဟော်ဆိုင်းကုမ္ပဏီ) မိသားစုများ၊ မိုင်းဖုန်းဆရာတော်၏ တပည့် ဒါယကာ၊ ဒါယိကာမများ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ ပြည်သူများတက်ရောက်ကြသည်။ စေတီတော်၏ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များကို သတ်မှတ်အစီအစဉ်တိုင်း တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်း၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိသတ်များအား စတုဒီသာကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အဆိုပါ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ ပေ၊ ရင်ပြင်အကျယ် (၁၀၈) ပေ ရှိကြောင်းနှင့် မိုင်းဖုန်းဆရာတော်နှင့် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော်တို့အား အမှူးထား၍ စေတီတော် အလှူရှင်မိသားစုများနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များက စုပေါင်းကာ ဆောက်လုပ်လှူဒါန်း တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး