မောက်မယ်မြို့နယ် မွေတော်အ.မ.က၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မောက်မယ် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မွေတော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မွေတော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က မိမိကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေကပြတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးမြောက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)