ဒဂုံ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ ဗဟိုသားဖွားသင်တန်းကျောင်းတွင် အပတ်စဉ် (၁၆၅)၊ န၀မအကြိမ်မြောက် ဘက်စုံသားဖွား ဆရာမသစ်လွင်ရာထူး တာ၀န်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် သင်တန်းသူများမှ "ကရုဏာအလင်း" သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်မှ သင်တန်းဆင်းသားဖွားဆရာမများကို အမှာစကားပြောကြားခြင်း၊ သစ်လွင်သားဖွားဆရာမများကို ရာထူးတာ၀န်ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများက "ပြည်သူချစ်သောသားဖွားဆရာမ" သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့သည်။ ၀န်ကြီးချုပ်နှင့် တက်ရောက်လာသူများကို သင်တန်းသူတစ်ယောက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သီချင်းသီဆိုသော သင်တန်းသူများကို (၅၀၀,၀၀၀/-) ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်အနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Drနန္ဒာ၀င်းနှင့် အဖွဲ့၀င်များ၊ တွဲဖက်သင်ကြားရေးဌာနများ ဖြစ်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် သင်ကြားရေးဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ မြိုနယ်ဆရာ၀န်များနှင့် သူနာပြုဆရာမကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ သစ်လွင် သင်တန်းသူ (၁၀၁)ဦး အပါအ၀င် အခမ်းအနား တက်ရောက်သူ (၁၇၅)ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သတင်းရသည်။
လဲ့လဲ့ (ပြန်/ဆက်)