မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အကြို အင်္ဂလိပ်စာ(Essay)  စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်း၍ ကျောင်းသားလူငယ်လေးများ အင်္ဂလိပ်စာ လေ့လာဖတ်မှတ်ရေးဖွဲ့သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာ(Essay)ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲများမှ ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးတို့က (A holiday in Mandalay) ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူ ၅ ဦးအား (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)